ရာသီသွေးမှန်အောင် ဘာတွေ စားပေးရမလဲ
မိန်းကလေး တော်တော်များများက ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာ၊ အနံ့ဆိုးထွက်တာနဲ့ နေရထိုင်ရ ကသိကအောက် ဖြစ်တာတွေကြောင့် ရာသီလာတာကို စိတ်ညစ်တယ်ဆိုပေမယ့် တစ်လတစ်ခါ ရာသီသွေးမပေါ်တာကိုလည်း စိုးရိမ်တတ်ကြပါသေးတယ်။ အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်ဟာ ရာသီစက်ဝန်း မတူတာကြောင့် ရာသီလာတဲ့ရက်တွေ မတူနိုင်ပေမယ့် တစ်လမှာ တစ်ကြိမ် ရာသီသွေးပေါ်တာကတော့ အတူတူပါပဲ။
ရာသီသွေးက တစ်လတစ်ကြိမ်မှန်မှန်ဆင်းမယ်။ ရက်အားဖြင့်လည်း ၃ ရက် ကနေ ၇ ရက်အတွင်း သွေးဆင်းမယ် စတာတွေက ကျန်းမာတယ်ဆိုတဲ့ လက္ခဏာပါ။ ရာသီသွေးမှန်မှန် မဆင်းတာစိတ်ဖိစီးစေနိုင်သလို ရေရှည်မှာလည်း ကျန်းမာရေးပြဿနာတွေ ရှိလာနိုင်ပါတယ်။ ဒီတော့ ဘယ်လို အစားအစာတွေက ရာသီသွေးမှန်အောင် ထောက်ကူပေးနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။
ဒီအစားအစာတွေက ရာသီသွေးမှန်စေပါတယ်
အမျိုးသမီး ကျန်းမာရေးအတွက် အရေးကြီးတဲ့ တစ်လတစ်ခါ ရာသီသွေးမှန်စေဖို့ကို အခုပြောပြမယ့် စားစရာလေးတွေက ထောက်ကူပေးနိုင်မှာပါ။
တရုတ်နံနံ
တရုတ်နံနံက ရာသီသွေးမှန်စေသလို အမျိုးသမီးတွေကို တင်ပဆုံပိုင်းမှာ သွေးစီးဆင်းမှု ကောင်းအောင်လည်း ကူညီပေးပါတယ်။ တရုတ်နံနံက နံနံပင်လိုမျိုး ဟင်းခတ် အမွှေးအကြိုင် တစ်မျိုးပါ။
တရုတ်နံနံမှာပါဝင်နေတဲ့ myristicin နဲ့ apiole ဓာတ်ပေါင်းတွေက ကိုယ်တွင်းမှာ သင့်တင့်မျှတတဲ့ အီစထရိုဂျင်ထုတ်လုပ်မှု ရရှိစေဖို့ လုပ်ဆောင်ပေးပါတယ်။ ဒီတော့ ရာသီသွေးမှန်ချင်ရင်ဖြစ်ဖြစ် ရာသီသွေးမမှန်တာကို သက်သာချင်ရင်ဖြစ်ဖြစ် တရုတ်နံနံကို ရေနွေးဆူဆူထဲ ထည့်သောက်ပေးလို့ ရပါတယ်။
သစ်ကြံပိုးခေါက်
သစ်ကြံပိုးခေါက်က တင်ပဆုံကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေဖို့ လှုံ့ဆော်ပေးပြီး လိုအပ်တဲ့ အီစထရိုဂျင်ဟော်မုန်း ပမာဏ ထွက်ရှိစေဖို့လည်း လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် ရာသီသွေးမှန်စေဖို့ လုပ်ဆောင်ပေးသလို ရာသီလာချိန် နာကျင်ကိုက်ခဲတာတွေကိုလည်း သက်သာစေပါတယ်။
သစ်ကြံပိုးခေါက်မှုန့်ကို နွားနို့ဆူဆူထဲ ထည့်သောက်တာက အရသာရှိတဲ့ ရာသီသွေးမှန်စေဖို့ နည်းလမ်းကောင်း တစ်ရပ်ပါ။
နာနတ်သီး
နာနတ်သီးမှာ bromelain အင်ဇိုင်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့်လည်း နာနတ်သီးက ရာသီသွေးမှန်စေဖို့ အကောင်းဆုံး အစားအစာ တစ်ခု ဖြစ်နေတာပေါ့။ နာနတ်သီး စားပေးတာက သားအိမ်အတွင်းနံရံတွေကို ပျော့စေပြီး သွေးဆင်းစေဖို့ လုပ်ဆောင်ပေးပါတယ်။
နာနတ်သီးက ရာသီလာချိန်မှာ သွေးခဲတာ၊ ရောင်ရမ်းတာမျိုးတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ ရာသီသွေးမမှန်တာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။
စမုံစပါးစေ့
ရာသီသွေးမမှန်တာကို သက်သာစေဖို့ဖြစ်ဖြစ် ရာသီသွေးမှန်စေဖို့ဖြစ်ဖြစ် အသုံးပြုပေးလို့ရတဲ့ နောက်ထပ်အရာလေး တစ်ခုကတာ့ စမုံစပါးစေ့ပါ။ သားအိမ်ကို ကောင်းကောင်းလှုံ့ဆော်ပေးပြီး သွေးဆင်းမှန်စေဖို့ရော ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ပါ လုပ်ဆောင်ပေးပါတယ်။
သင်္ဘောသီးစိမ်း
သင်္ဘောသီးစိမ်းကတော့ မိန်းကလေး တော်တော်များများ ကြိုက်သလို စားလည်း စားဖြစ်ကြပါတယ်။ သင်္ဘောသီးစိမ်းမှာ carotene ကြွယ်ဝစွာ ပါဝင်နေတာက ရာသီစက်ဝန်းကို မှန်ကန်စေပြီး ကိုယ်တွင်းက အီစထရိုဂျင်ဟော်မုန်းပမာဏကိုလည်း ထိန်းညှိပေးပါတယ်။
သင်္ဘောသီးစိမ်း ပုံမှန်စားပေးတာက သားအိမ်ရဲ့ လုပ်ဆောင်မှုကို ကောင်းစေပြီး ရာသီသွေးမှန်စေမှာပါ။ နောက်တစ်ချက်က ရာသီလာချိန် နာကျင်ကိုက်ခဲမှု ကင်းစေမှာပါ။ သင်္ဘောသီးက ရာသီသွေးမှန်စေတယ်ဆိုပေမယ့် ကိုယ်ဝန်ရှိချိန်မှာတော့ မစားသင့်ပါဘူး။
ချင်း
ဗီတာမင် စီ နဲ့ မဂ္ဂနီဆီယမ် ပါဝင်နေတဲ့ ချင်းက ရာသီသွေးမှန်စေသလို ရာသီလာချိန် နာကျင်ကိုက်ခဲတာကိုလည်း သက်သာစေပါတယ်။ သဘာဝအတိုင်း အီစထရိုဂျင်ဟော်မုန်း ထွက်ရှိမှုကို ထိန်းညှိပေးပါတယ်။ ချင်းပြုတ်ရည် နွေးနွေးလေးက ရာသီသွေးမှန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ရေးသားသူ - မွန်မွန်